ရပ်စောက်မြို့နယ်၌ တစ်ရပ်လျှင် လီတာ ၄၀ အောက်ဆီဂျင်အိုး ၃၅ လုံးထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

ရပ်စောက် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများ လုံလောက်စွာ ထုပ်လုပ်နိုင်ရန်နှင့် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် စေတနာရှင်အလှူရှင် မိဘပြည်သူများ ပါဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်သော အောက်ဆီဂျင်စက် တပ်ဆင်ပြီးစီး၍ စက်ရုံဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ စက်ရုံအဆောက်အအုံ၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။

အခမ်းအနားတွင် ဗထူးတပ်နယ်မှ ဗိုလ်မှူးချုပ်လှမိုးနှင့် မဇ္စျိမအသင်းဥက္ကဋ္ဌဦးမိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံအတွင်းသို့လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါ အောက်ဆီဂျင် စက်ကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပြီး တစ်ရက်လျှင် လီတာ ၄၀ အောက်ဆီဂျင်အိုး ၃၅ လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ မြို့နယ်အတွင်းရှိ အောက်ဆီဂျင်အိုးလိုအပ်သည့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ပရဟိတအဖွဲ့များနှင့် အခြားပုဂ္ဂလိက လိုအပ်သူများကို ဖြည့်သွင်း ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ ဗထူးတပ်နယ်မှ ဗိုလ်မှူးချုပ်လှမိုး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌဦးသိန်းဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင် မိဘပြည်သူများနှင့် မဇ္စျိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲသားများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)