နမ္မတူမြို့နယ်၌ လမ်းပြကြယ်ငွေ စုငွေချေးသမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်

နမ္မတူ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ လမ်းပြကြယ်ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်း အနားကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က အဆိုပါ အသင်းရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါနန်းကြာအုံ က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆမ်မန်းက သမဝါယမ လုပ်ငန်း၏ သဘောသဘာဝများ၊ စည်းကမ်းချက်များ၊ မြို့နယ်တွင်းရှိ သမဝါယမအသင်း အဖွဲ့များ အကြောင်းနှင့် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်း လီမိတက်မှာ နမ္မတူမြို့နယ်အတွင်း တိုးတက်အောင်မြင်သော ငွေစုငွေချေးသမဝါယမ အသင်းတစ်သင်း ဖြစ်လာကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အဆိုပါ သမဝါယမအသင်းလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းကြည်ဦးက လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အနေဖြင့် အသင်းသားများ၏ အိမ်တွင်းမှု တစ်နိုင်တစ်ပိုင် လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးပေး နိုင်ရန်၊ အသင်းသားများအား ချွေတာစုဆောင်းသည့် အလေ့အထများ ပျိုးထောင်ပေးရန်၊ အသင်းက ရရှိသော အကျိုးအမြတ်များဖြင့် အသင်းသားများ၏ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးရန်၊ ဒေသတွင်း ဆင်းရဲနွမ်းပါမှု လျော့နည်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရှုံးအမြတ်၊ လက်ကျန်ရှင်းတမ်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားကာ စည်းကမ်းလိုက်နာပြီး တာဝန်ကျေပွန်သော အသင်းသား/သူ ၄၄ ဦးအား စုစုပေါင်း တန်ဖိုးငွေကျပ် (၈၅၀၀၀၀)တန်ဖိုးရှိ အမှတ်တရလက်ဆောင် ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)