သံဖြူဇရပ် နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ လောကသစ္စာရေးသားသည့် " ခြေတစ်လှမ်း၏ ထွက်ပေါက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟို ဌာန (Community Centre ) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးအေး မွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး စာရေးဆရာလောကသစ္စာ ၏ "ခြေတစ်လှမ်း၏ ထွက်ပေါက်" စာအုပ်ပါ အကြောင်းအရာများကို Youth Club အသင်းဝင် ဒေါ်ဝင်းဝင်းမော်နှင့် ဒေါ်ယဉ်ယဉ်နွယ်တို့က ဦးဆောင်ဆွေးနွေးပေးကာတက်ရောက်ကြသည့် အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက်များ၊ အတွေးအခေါ်များအား အပြန်အလှန် ဆွေးနွေး သုံးသပ်ကြသည်။
ထို့သို့စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ် များ စာပေနှင့်စဉ်ဆက်မပြတ်ထိတွေ့နေစေရန်၊ စာဖတ်အားကောင်းမွန်လာစေရန်၊ စာဖတ်သည့် အလေ့အထများနှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးမွန် (ပြန်/ဆက်)