ရန်ကုန် သြဂုတ် ၂၀
ဗဟန်းမြို့နယ်၌ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က တရားမျှတပြီး ဘက်လိုက်မှု ကင်းရှင်းသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဗဟန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးနှင့် ဌာနဆိုင်ရာများက ပူပေါင်းပြီး ဝိုင်ဝန်းဆောင်ရွက်သွားကြရန်နှင့် မှားယွင်းမှု အနည်းဆုံးဖြစ်ရန် ဆောင်ရွက်စေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးမောင်သန်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားမှုကို လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးရဲစိုးမြင့်က နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ကွင်းဆင်း ဆောင်ရွက်နေမှုကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးတင်ပြကြရာ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးက ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)