ရွာငံ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရွာငံမြို့နယ်၊ မြိုင်ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်သော (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး မြို့နယ်သံဃာနာယကဥက္ကဌ ရွှေပေါ်ကျွန်းကျောင်းဆရာတော် ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလနှင့်အတူ ကထိန်အကျိုးတရားများ နာယူပူဇော်ကာ ကထိန်းသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ရာ စက်ရုံအား မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးမာနိတာဘိဝံသ ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအာကာလင်း၊ ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးခင်မောင်ဦး၊ မြို့မိမြို့ဖဦးဇော်ထူး နှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦးဆန်းတင့်နိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် Oxygen Plant စက်များအား တာဝန်ရှိသူများက အမွှေးနံ့သာရေဖြင့် ပက်ဖျန်းပေးကြပြီး စက်ရုံလည်ပတ်နေမှုအားကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများသည် ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် Oxygen Plan အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားသို့ ဆက်လက်တက်ရောက်ကာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ အလှူရှင်များက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် အလှူရှင်များကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားကြောင်းသိရသည်။
ပြည့်ဖြိုးသန့် (ရွာငံ ပြန်/ဆက်)