နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်နေကြသည့် တတိယ နှစ် သင်တန်းသား၊သင်တန်းသူများအား နေပြည်တော်ကောင်စီမှ ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်တွင် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူနာပြုသားဖွား သင်တန်းကျောင်းများမှ တတိယနှစ် သင်တန်းသား/သူများ သင်တန်းတက်ရောက်နေကြသည်ကို သိရှိရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသာမက ကမ္ဘာနှင့်တစ်ဝန်းတွင် ကိုဗစ်- ၁၉ ကပ်ရောဂါကို အတူတကွ တွန်းလှန်နေကြသည့် အကြပ်အတည်းကာလဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိအသက်ကို မငဲ့ကွက်ဘဲ ရှေ့တန်းကနေ စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ပြည်သူများစွာ၏ အသက်ပေါင်းများစွာကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ သူနာပြုတစ်ယောက်အနေဖြင့် တတ်သိနားလည်ရမည့် ပညာရပ်များအားလုံးကို လေ့လာသင်ယူပြီး သင်တန်းကာလပြီးမြောက်၍ မိမိတာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့တတ်သိပညာနှင့် မိမိနိုင်ငံမိမိလူမျိုး၏ ကျန်းမာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာကနေ ကူညီဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်သူနာပြုသင်တန်း ကျောင်း တတိယနှစ်သင်တန်းသား (၆၇)ဦးနှင့် သင်တန်းကြီးကြပ်ဆရာ(၄)ဦး၊ စုစုပေါင်း (၇၁)ဦး တို့အတွက် နေပြည်တော်ကောင်စီမှ ဆန်၊ ဆီ၊ ကြက်ဥ၊ နှာခေါင်းစည်းMaskများကို ထောက်ပံ့ပေးအပ်ရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းက နေပြည်တော်ကောင်စီမှ ဆန်၊ ဆီ၊ ကြက်ဥ၊ နှာခေါင်းစည်းMaskများကို ထောက်ပံ့ ပေးအပ်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)