မိုင်းယု ဩဂုတ် ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရစ်မှု မရှိစေရေး အတွက် မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ကွင်းဆင်းတိုက် ဆိုင် စိစစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းဝေးတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်စေရန်နှင့် ပြည့်စုံမှန်ကန် စေရန် ကိစ္စများနှင့် ပတ်သတ်၍ ကွင်းဆင်းဆောင်ရွက်မည့်အဖွဲ့ဝင်များခွဲ၍ ပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးသက်ဇော်နှင်းနှင့် အဖွဲ့ဝင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဝင်းနှင့် ဦးဇော်လွင်တို့က ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တိုက်ဆိုင်စိစစ်ရေးအဖွဲ့များမှ တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်သွားကြရန်၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ အားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများအားလုံး ထည့်သွင်းဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးကြရန်နှင့် လာမည့် ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ကြေညာပေးနိုင်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြပြီး မိမိတို့ သိရှိလိုသည့်များကို ပြန်လည်မေးမြန်း၍ အဖွဲ့ဝင်များခွဲ၍ တိကျမှန်ကန်သော စာရင်းရရှိရန် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စိစစ်ဆေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အတွင်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိရေး၊ ဆန္ဒမဲစာရင်း အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း မဲစာရင်းတွင် အမည်မပါဝင်သူများ ပုံစံ(၃)ဖြင့်လည်းကောင်း လျှောက်ထားနိုင်ရေး၊ မပါဝင်သင့် သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)