မိတ္ထီလာ နိုဝင်ဘာ ၁၂
မိတ္ထီလာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီအချိန်၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန ခန်းမ တွင် ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သည်။ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာ ထူးက ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှု အခြေအနေများ၊ မသန်စွမ်း ကလေးငယ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော ကလေးများ၏ ဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်နေမှုအခြေအနေများ၊ ကလေးသူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်များနှင့် မူဝါဒများအကြောင်းကို ဆွေးနွေးပြောကြားသည်။ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးစေ ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေး ပြောကြားသည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်နှင့် အလားတူ အသိပညာပေးTalk Show အစီအစဉ် များကိုရိုက်ကူး၍ မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Facebook Page တစ်ခု ဖြစ်သော We Love Meikhitla တွင် ဒေသခံပြည်သူများအသိပညာရရှိစေရန် တင်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းသာ