တာလေ ဩဂုတ် ၂၀
ရှမ်းပြည်နယ် တာလေမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူစာရင်းများ ပြည့်စုံမှန်ကန် စေရေးနှင့် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း လွှဲမှားမှုမရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က ဦးဆောင်စီမံမှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ ပါဝင်သော အဖွဲ့ငယ်များဖွဲ့စည်း၍ တာလေမြို့ရှိ ရပ်ကွပ်(၄) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၃) အုပ်စုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ လွှဲမှားမှုမရှိစေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့အတွင်းရှိ မြို့နယ်လုံးကျွတ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးရှိ သတ်မှတ် နေရာများတွင် ထုတ်ပြန်ကြေညာ ခဲ့ရာ ယခုတွင်အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း များ တစုံတရာလွဲမှားမှု မဖြစ်ပေါ်စေရေး အတွက် ပူးပေါင်းအဖွဲ့ငယ်များဖြင့် ဩဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၁၉)ရက်နေ့အထိ အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)