ရန်ကင်း နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ဆောင် ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ လဝကမှူးဦးသိန်းမောင်နှင့်ဝန်ထမ်းများ ကျေးရွာအုပ်စုတာဝန်ရှိသူများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိရေးအတွက် ရပ်ကွက်များအရောက် ကွင်းဆင်း ဆောင်ရွက် ပေးခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင် လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကိုနေ့စဉ် အခမဲ့ပြုလုပ်ပေး လျက်ရှိပြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင် လည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)