မုဒုံ နိုဝင်ဘာ ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားတိုင်း ဥပဒေအရ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီသည့် နိုင်ငံသားများ ကျန်ရှိမှုမရှိစေရန် ရည်ရွယ်၍ ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များက တက်ရောက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မော်က ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများနှင့် နိုင်ငံသားဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားပြီးနောက် ကမာဝက်မြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စုတို့ရှိ ပြည်သူ ၆၈၂ ဦးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တာဝန်ရှိသူတို့မှ အသီးသီးပေးအပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိက ကြီးကြပ်၍ ဝန်ထမ်းမျာက ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ထိ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၄၁ အုပ်စုမှ ဒေသခံပြည်သူ ၄၀၀၀ ကျော်ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း ကျန်ရှိသေးသော ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း သတ်မှတ် ကာလအထိ ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)