သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် ယနေ့၊ နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လ.ဝ.က ဦးစီမှူးဦးရဲထွန်းနှင့် ဝန်ထမ်းများက ဆ/ကရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရပ်ကွက်များအတွင်း နေထိုင်သောအသက်(၁၀)နှစ်ပြည့် မှ(၁၈)နှစ်ပြည့်နိုင်ငံသား စိစစ်ရေး ကတ်ပြား လဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့တွင် အသက်(၁၀)နှစ် ပြည့်မှတ်ပုံတင်(၃၃)ကတ်၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်(၄၄)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၇)ဦးအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အခြားရပ်ကွက်များသို့လည်း အလှည့်ကျကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးရဲထွန်း ထံမှသိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း များဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လဝကဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက် ပေးခြင်း၊ ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ပေးခြင်း၊ လူစည်ကားရာ နေရာများတွင်  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ အောင်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

စန္ဒာမိုး(ပြန်/ဆက်)