သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

ရန်ကုန် နိုဝင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၅၅ နှစ်အထက်နှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ကို ယနေ့ နံနက်ပိုင်းက သန်လျင်မြို့မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ ဗိမာန်တော်ကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက်ထိုးနှံပေးလျက်ရှိပြီး အသက် ၅၅ နှစ်အထက်ရှိသူများအား (ပထမအကြိမ်) ထိုးနှံပြီးသူများအားမြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ (ဒုတိယအကြိမ်) ဆက်လက်ထိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်