မိုးညှင်း နိုဝင်ဘာ ၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ မိုးညှင်းတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဆရာ/ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာမဉ္ဇူမင်းက ကြိုဆို နှုတ် ခွန်းဆက်စကား ပြောကြားရာတွင် “အခုခေတ်က (၂၁)ရာစုခေတ်ဖြစ်တဲ့အတွက် (၂၁)ရာစုနဲ့လျော်ညီသော နေထိုင်ပြောဆိုမှု တွေကို ကျင့်သုံးရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့် အခုလက်ရှိဦးစားပေးဆောင်ရွက်နေတာ ကတော့ တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဖြစ်ပါတယ်။ တက္ကသိုလ်အဆင့်မြှင့်တင်ရေးမှာ လိုအပ်တဲ့ Software အပိုင်းနဲ့ Hardware အပိုင်း နှစ်မျိုးလုံးမြှင့်တင်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။
မိုးညှင်းတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များအနေဖြင့် မြန်မာ စာဌာနတွင် ခြောက်ဦး၊ အင်္ဂလိပ်စာဌာနတွင် နှစ်ဦး၊ ပထဝီဌာနတွင် သုံးဦး၊ သမိုင်း ဌာနတွင် နှစ်ဦး၊ ဓာတုဗေဒဌာနတွင် ခုနှစ်ဦး၊ ရူပဗေဒဌာနတွင် (၁၅)ဦး၊ သင်္ချာဌာနတွင် (၁၁)ဦး၊ သတ္တဗေဒဌာနတွင် ခုနှစ်ဦး၊ ရုက္ခဗေဒဌာနတွင် လေးဦးနှင့် ဘူမိဗေဒဌာနတွင် တစ်ဦး စုစုပေါင်း(၅၈)ဦးတို့ကို ဌာနအသီးသီးတို့၌ ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များကို မွမ်းမံသင်တန်း သင်ကြား ပို့ချပေးသွားမည့် ဘာသာရပ်များမှာ Mohnyin University Devolopment Plan ၊ စီမံရေးရာသိကောင်းစရာများ၊ Research and Devolopment in University ၊ ဘဏ္ဍာရေးရာသိကောင်းစရာများ၊ သင်တန်းရေးရာသိကောင်းစရာများ၊ Resources OF Myanmar ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေး၊ Aspect of Myanmar ၊ Quality Assurance နှင့် Important of English in စသည့်ဘာသာရပ်များကို နံနက်ပိုင်းတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ဦးဆောင်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမကြီးများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မွန်းလွဲ(၁)နာရီမှစ၍ သက်ဆိုင်ရာ ဘာသာ ရပ်ဌာနများတွင် မွမ်းမံသင်တန်းကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေး သွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များ စုစုပေါင်း (၅၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၈)ရက်နေ့မှ ဒီဇင်ဘာ(၈)ရက်နေ့ အထိ တစ်လတိတိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)