မြစ်ကြီးနားမြို့၌ ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနား     နိုဝင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဂင်ဒိုင်- B နယ်မြေ၌ ယနေ့နံနက် ၉ နာရီခွဲက ဆေးလိပ်မီးမှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းရှိ အိပ်ယာအနီးတွင် ဆေးလိပ်မီးမငြှိမ်းဘဲ ထားခဲ့ရာမှ အပ်ယာခင်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ပေ ၃၀ ၊ ပေ ၂၀ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း (၂)ထပ် လူနေအိမ်တစ်လုံး၊ ဆိုင်ကယ်ဟောင်း (၁)စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန် (၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ Medium Fire Fighting & Rescue (၁)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား မြစ်ကြီးနားမြို့နယ်၊ အမှတ် (၁) ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)