နမ္မတူ-ဘော်တွင်းလမ်း နမ္မတူမြို့နယ် အထွက်မှ (၃)မိုင်ခန့်အကွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျောက်တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွား

နမ္မတူ  ဩဂုတ်  ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နမ္မတူ-ဘော်တွင်းလမ်း နမ္မတူမြို့နယ် အထွက်မှ (၃)မိုင်ခန့် အကွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ကျောက်တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွား ခဲ့ခြင်းကြောင့် ကားအသွားအလာ ခေတ္တပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ကျောက်တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကာ မြို့နယ်လမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ လမ်းအထူးအဖွဲ့ (၆)မှ Loader (၁)စီးဖြင့် ကျောက်တောင်ကမ်းပါးမှ လမ်းပေါ်သို့ ပြိုကျပိတ်ဆို့ခဲ့ သော အရှည် (၁၈)ပေခန့် အမြင့် (၁၀)ပေခန့် ကျောက်ခဲနှင့် မြေသားများကို ယနေ့နံနက် (၁၁)နာရီ အချိန် ခန့်မှ စတင်ဖယ်ရှားလျက်ရှိရာ မွန်းလွဲ (၂း၁၀)နာရီ အချိန်ခန့်တွင် ဖယ်ရှားရှင်းလင်း နိုင်ခဲ့သည့်အတွက် ယာဉ်များ အန္တရာယ်ကင်းစွာ သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်တောင်ကမ်းပါး ပြိုကျမှုကြောင့် လူ၊ မော်တော်ယာဉ်နှင့် တိရိစ္ဆာန်များ ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သိရ သည်။

လူမော် (ပြန်/ဆက်)