မူဆယ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်၊ အခြေခံပညာအထက်တန်းကျောင်းတွင် “အလင်းတံခါး” ကျောင်းစာကြည့်တိုက်ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ထေရဝါဒကျောင်း ဆရာတော် ဘဒ္ဒန္တဦးဝိမလ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကိန်မိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်သက်စံ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး၊ ခရိုင်သာသနာရေးမှူး ဦးထိန်လင်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်သန်းဦးနှင့် မိုင်းယု(၁၀၅)မိုင်ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်မီဝမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
“ကျောင်းသား၊ ကျောင်းသူတွေ စာအုပ်၊ စာအုပ်၊ စာပေမျိုးစုံစဖတ်ရှုနိုင်အောင် အဓိကရည်ရွယ်ပြီးတော့ ကျောင်းစာကြည့်တိုက်ကို တည်ဆောင်ပြီးတော့ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်၊ ကျောင်းသား၊ ကျောင်းသူတွေအပြင် ကျောင်းဆရာ၊ ဆရာမတွေ၊ စာဖတ်ချင်တဲ့ပြည်သူအားလုံးစာအုပ်၊ စာပေဖတ်ရှုနိုင်အောင် စာပေးမျိုးစုံကို ထားရှိ ထားပါတယ်၊ ကျောင်းစာကြည့်တိုက်ကိုလည်း ကျောင်းကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ဝိုင်းဝန်းထိန်းသိမ်း ကြဖို့ လိုအပ်ပါတယ်၊ ကျောင်းသား၊ ကျောင်းသူတွေကို စာဖတ်ရှုချင်လာအောင် လမ်းညွှန်ပေးဖို့လည်းလိုပါတယ်၊ စာအုပ်၊ စာပေအသစ်တွေကိုလည်း ထပ်မံဖြည့်တင်းပေးဖို့ စီစဉ်ထားပါတယ်”လို့ “အလင်းတံခါး” ကျောင်းစာကြည့်တိုက် အလှူရှင်ထေရဝါဒကျောင်းဆရာတော်ဘဒ္ဒန္တဦးဝိမလက ပြောသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးအရာရှိနှင့် ခရိုင်ပညာရေးမှူးတို့က အမှာစကားအသီးသီးပြောကြားပြီး “အလင်းတံခါး” ကျောင်းစာ ကြည့်တိုက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ထေရဝါဒကျောင်းဆရာတော် ဘဒ္ဒန္တ ဦးဝိမလက ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ရခြင်းအပေါ် မိုင်းယု(၁၀၅)မိုင်၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က နှာခေါင်းစည်းတစ်ထောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊စာပေ(၅၀)အုပ်၊ ပညာသုတဘဏ် စာကြည့်တိုက်မှူး ဦးမြင့်ရွှေက စာအုပ်၊ စာပေ(၆၆)အုပ်နှင့် အခြားအလှူရှင်တို့က စာကြည့်တိုက်အတွက် စာအုပ်၊ စာပေများ ဝယ်ယူဖြည့်တင်းနိုင်ရန် အလှူငွေများ အသီးသီး လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)