မိုင်းလုံ သြဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန် နေ့ မွန်းလွဲ(၂)နာရီက Book Club အဖွဲ့ဝင်များ လူကုန်ကူးမှု အန္တရာယ်မှ ကာကွယ်နိုင်စေရန်နှင့် လူကုန်ကူးမခံရလေအောင် လူတိုင်း အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ "လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေး လက်စွဲ စာအုပ်" ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ထားသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး၊ စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းသစ်က လူကုန်ကူးမှုဥပဒေအရ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ဦးဆောင် ဆွေးနွေးခဲ့ပြီး လူကုန်ကူးမှု အခြေအနေနှင့် လူကုန်ကူးခံရသူ အမျိုးအစားများကိုလည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ဌေးဌေးဝင်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့် လူကုန်ကူးခံရသူ များအား ကာကွယ်စောင့်ရှောက်ခြင်း နည်းလမ်းများကို လည်းကောင်း၊ ဦးထွန်းကျော်က လူကုန်ကူးခံရ ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက် လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်( ပြန်/ဆက်)