တုံတာ ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (Covid -19 Economic Relief Plan) အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက် ပံ့ငွေများနှင့် သွင်းအားစုမြေဩဇာများ၊ ထောပတ်ပျိုးပင်များ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန် က တုံတာမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် တုံတာမြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်း က အဖွင့်အမှာစကား ပြောကြားပြီး တုံတာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝင်းမြင့်သန်း က တောင်သူများအား ထောက်ပံ့ ငွေများပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူ (၆)ဦးအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ သီးနှံမျိုးစေ့များနှင့် စိုက်ပျိုးရေးစရိတ် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မိုးစပါး (RS_CS) မျိုးစေ့ထုတ်စိုက်ပျိုးသူ တောင်သူ (၆)ဦးအား တစ်ဧကလျှင် မျိုးစေ့ဖိုး ၈၅၀၀၊ စိုက်ပျိုးစရိတ်ငွေကျပ် ၇၅၀၀၀၊ စုစုပေါင်း စိုက်ပျိုးဧက (၁၅)ဧက အတွက် ငွေကျပ် ၁၂၅၂၅၀၀ ထောက်ပံ့ပေးအပ်ခြင်းနှင့် သွင်းအားစု မြေဩဇာ များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)