ကျောက်ဆည်မြို့နယ်တွင်သပြေပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိ

ကျောက်ဆည်    နိုဝင်ဘာ    ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သပြေပင်စိုက်ပျိုးသူများသည် အများအားဖြင့် ဘုရားပန်းအဖြစ်ရောင်းချရန် စိုက်ပျိုးခြင်းဖြစ်ပြီး ဘုရားပန်းတင်ရန်အတွက် အညွှန့်အကိုင်းချိုး၍ အညွှန့်(၁၀)ညွှန့်ပါသပြေကိုင်း(၃)ကိုင်းတစ်စည်းကို ငွေကျပ် သုံးရာရောင်းချရခြင်းကြောင့် သပြေပန်း စိုက်ပျိုး ရောင်းချသူ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သပြေပန်းစိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်(၅)ပေ၊ တစ်တန်းနှင့်တစ်တန်း (၆)ပေအကွာ စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး လိုအပ်သလိုရေသွင်းရေထုတ် ပြုလုပ် ရာတွင်လည်း ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းကြောင့်အပင်များ အကိုင်းအခတ်ဖြာထွက်မှု ကောင်းမွန်ပြီး အရောင်အသွေး ကောင်းမွန်ရာ ရောင်းချရာတွင်လည်း ဝယ်ယူသူ ပိုမိုများပြားကြောင်း ပင်တလည်ကျေးရွာမှ သပြေပန်း အပင်(၂၀၀)စိုက်ပျိုးရောင်းချနေသူ မသီတာအေး ပြောပြ၍ သိရ သည်။               

သပြေပန်း စိုက်ပျိုးရောင်းချသူများအနေဖြင့် အခြားသီးပင်၊စားပင်များကဲသို့ လုပ်အားနှင့် သွင်းအားစု ကုန်စရိတ်နည်းပါးသောကြောင့် နေ့စဉ်ဝင်ငွေရသဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်သော အပင်တစ်မျိုး ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)