ဖယ်ခုံမြို့နယ်၌ အဝီစိစက်ရေတွင်းနှင့် ရေလှောင်ကန် ဖွင့်ပွဲကျင်းပ

ဖယ်ခုံ      သြဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊  ကသဲကျေးရွာ၌ မြန်မာ့သြဘာလုပ်ငန်းစုမှ လှူဒါန်း သော အဝီစိစက်ရေတွင်းနှင့် ရေလှောင်ကန် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အဆိုပါ အဝီစိစက်ရေတွင်းနှင့် ရေလှောင်ကန်ရှေ့တွင် ကျင်းပသည်။

“ဒီအဝီစိစက်ရေတွင်း ပေ ၁၈၀ နဲ့ ဂါလံ ၁၅၀၀၀ ဆံ့ ရေလှောင်ကန်အတွက် မြန်မာ့သြဘာ လုပ်ငန်းစုက အလှူငွေကျပ် ၁၂,၄၉၀,၀၀၀ လှူဒါန်းခဲ့တာပါ။ မြေနေရာကိုတော့ ရွာက ဦးထွန်းလှအောင် မိသားစုက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” လို့ အရောင်းကိုယ်စားလှယ် ဦးသက်အောင် က ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် က အမှာစကားပြောကြားပြီး မြန်မာ့သြဘာလုပ်ငန်းစု ဈေးကွက်မန်နေဂျာ ဦးစိုးမိုး က အဝီစိစက်ရေတွင်းနှင့် ရေလှောင်ကန် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကသဲကျေးရွာ စက်ရေတွင်းဖြစ်မြောက်ရေးကော်မတီအဖွဲ့၀င် ဦးလှတင် က ကျေးဇူးတင်စကားပြောကြားပြီး ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှ၀င်းက အလှူရှင် မြန်မာ့သြဘာလုပ်ငန်းစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ အဝီစိစက်ရေတွင်း၊ ရေလှောင်ကန် နှင့် ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နှင့် မြန်မာ့သြဘာလုပ်ငန်းစု ဈေးကွက်မန်နေဂျာ ဦးစိုးမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား နံ့သာရေဖြင့် ဖြန်းပက်ခဲ့ကြသည်။

“စက်ရေတွင်း အောင်မြင်ပြီးစီးအောင် ဝိုင်း၀န်းပံ့ပိုးပေးတဲ့ မြန်မာ့သြဘာလုပ်ငန်းမိသားစုနဲ့  ရွာသူရွာသားများကိုယ်စား ကျေးဇူးတင်ပါတယ်။ စက်ရေတွင်း ပြီးသွားတော့ တစ်ရွာလုံးက ဒီထိလာခတ်ယူရတဲ့အခက်အခဲ မဖြစ်အောင် ရွာထိပ်ပေတစ်ထောင်လောက်အမြင့်မှာ ဂါလံ တစ်သောင်းခွဲဆံ့ ရေလှောင်ကန်တစ်လုံး ထပ်တူးပြီးတော့ ဒီကရေအပေါ်ပို့ အပေါ်ရောက်တဲ့ ရေကို တစ်ရွာလုံးဖြန့်နိုင်ဖို့ စဉ်းစားထားပါတယ်လို့ ကော်မတီအဖွဲ့၀င် ဦးလှတင် က ပြောကြားခဲ့ကြောင်း သိရသည်။

ကိုထွေး(ဖယ်ခုံ)