ကျောက်ပန်းတောင်း ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့သည့် ငွေကျပ်(၂၀၀၀၀) ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် Hand Speaker များ အား သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲကို၊ ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအေးခိုင်နှင့် ဦးမျိုးဆွေဦးတို့က အဖွင့်အမှာစကားပြောကြားကြပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ကိုဗစ်-၁၉ ကာလ ဝင်ငွေအခွင့်အလန်းနည်းပါးသည့် အခြေခံလူတန်းစားမိသားစုများ စားသောက်ရေးအထိုက်အလျှောက် အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့သည့်ငွေဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ရပ်ကွက်/ကျေးရွာများတွင် အမှန်တကယ်ရသင့်ရထိုက်သည့် ဝင်ငွေနည်းမိသားစုများကို ထောက်ပံ့ပေးစေလိုပါကြောင်းနှင့် မလို လားအပ်သည့်ပြသနာများဖြစ်ပွားမှုမရှိအောင် သတိပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုနယ်မြေခွဲအလိုက် ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွ ာအုပ်စု (၁၀၉) အုပ်စု စုစုပေါင်း (၁၂၁) မှ လက်ပံပျားနယ်မြေခွဲအတွက် ငွေကျပ် (၉၃၅,၄၀၀၀၀)၊ ကျောက်ပန်းတောင်းနယ်မြေခွဲအတွက် ငွေကျပ် (၂၆၈၁,၆၀၀၀၀)၊ ပွေးကျစ်နယ်မြေခွဲအတွက် ငွေကျပ်(၁၇၀၂,၈၀၀၀၀)၊ ပုပ္ပားနယ်မြေခွဲအတွက် ငွေကျပ် (၂၂၉၂,၀၀၀၀၀)၊ မြို့ပေါ် (၁၂) ရပ်ကွက် (မြို့မနယ်မြေခွဲ) အတွက် ငွေကျပ် (၁၄၇၄,၈၀၀၀၀) ကျပ် စုစုပေါင်းငွေကျပ်သိန်း (၉၀၈၆၆၀၀၀၀) ဖြစ်ကြောင်းသိရပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် Hand Speaker (၃၄၁) လုံးကို တစ်ပါတည်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)