မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အလွှာများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ပြည်သူ (၁,၃၉၅) ဦးအားထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူများက Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စားသောက်ဆိုင်နှင့် အခြားဝင်ငွေရလုပ်ငန်းများရှိ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မြန်မာ့မီးရထားမှ ဝန်ထမ်းများအား ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြသည်။ ထို့အပြင် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ မော်တော်ယာဥ် ထုတ်လုပ်ဖြန့်ဖြူးရေးနှင့်ရောင်းချရေးအသင်းမှ ဝန်ထမ်းများနှင့် စက်ရုံ၊ အလုပ်ရုံများရှိ ဝန်ထမ်းများအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ စုစုပေါင်းလူဦးရေ (၁,၃၉၅) ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ရန်ကုန်ဘူတာကြီးနှင့် ပုသိမ်ညွန့်ရပ်ကွက်ရှိ ဓမ္မာရုံတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက် ရာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကာ ပြည်သူများ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)