မုဒုံ နိုဝင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်−၁၉ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပြန်လည် ပြင်ဆင်ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ လာရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ထိုသို့ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လက်ဆေးဘေဆင်များထားရှိ၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း ဆောင်ရွက်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေ၍ ကျောင်းသင်ခန်းစာများကို သင်ကြားပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၅) ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၆)ကျောင်း၊ မူလတန်းလွန် ကျောင်း(၁၆)ကျောင်း၊ မူလတန်းကျောင်း(၆၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်စာသင်ကျောင်း (၃)ကျောင်း စုစုပေါင်း (၁၀၈)ကျောင်းရှိပြီးယနေ့တွင် အထက်တန်းဆင့် (၈၅၅)ဦး၊ အလယ်တန်းဆင့် (၂၇၇၁)ဦးနှင့် မူလတန်းအဆင့် (၂၆၈၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၃၀၇)ဦး တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)