ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာလ ၁ ရက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်းတို့အား ယနေ့နိုဝင်ဘာလ(၁)ရက်နေ့မှစတင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း လည်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံမှုအနေဖြင့် အခြေခံပညာ (၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်းတို့တွင် အထက်တန်းအဆင့်(၁,၁၂၂)ဦး၊ အလယ်တန်းအဆင့်(၇,၂၃၅)ဦးနှင့် မူတန်းအဆင့် (၁၆,၆၆၄)ဦး စုစုပေါင်း(၂၅,၀၂၁)ဦးရှိပြီး ယနေ့တွင်တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ(၄,၄၃၅)ဦးရှိကြောင်း လည်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်လည်း ကိုဗစ်-၁၉ ကူး စက်ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)