မလှိုင် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများသို့သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါနေ့က မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးသည် မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာနေမင်းမျိုးထွန်း၊ မြို့နယ်ပညာရေးမှူး ဦးရွှေ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇေယျာအောင်၊ ရပ်ကွက်ကြီး (၁) နှင့် ရပ်ကွက်ကြီး (၃) တို့မှ အုပ်ချုပ်ရေးမှူးများလိုက်ပါလျှက် မိသားစု၊ ဟိန်းချမ်းမြေ့၊ အောင်ဒီပါ၊ စာပန်းတိုင်၊ ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ဆန်းစစ်ပုံစံ(၅၅) ချက်ဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ကိုယ်ပိုင်အထက်တန်းကျောင်း (၈) ကျောင်းရှိပြီး ကျန်ရှိနေသော ကိုယ်ပိုင်ကျောင်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကို ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)