မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များ အား အသိပညာပေးနှိုးဆော်

မဘိမ်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။

အဆိုပါနှိုးဆော်ချက်များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်အပြင် ထွက်ခွာပါက ပါးစပ်နှင့်နှာ‌ခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦး နှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂ဝ ကြာ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေး များကို ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများ သို့ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်အချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)