မရမ်းကုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

မရမ်းကုန်း  သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်း မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်() ဒေါ်မိုင်နှင်းဝတ်ရည် မြို့နယ်စည်ပင်သာယာ ကျန်းမားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် အဆိုပါစာသင်ကျောင်းများရှိ ခြင်များ ခိုအောင်းနိုင်သောနေရာများ၊ ရေစည်များ၊ ရေကန်များတွင် အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကျောင်းတာဝန်ခံ ဆရာမများအား အသိပညာပေးခြင်းလုပ်ငန်းများအဖြစ် လက်ကမ်းစာစောင်များနှင့် ပိုစတာဖြန့်ဝေခြင်းများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ယဉ်မော်(ပြန်/ဆက်)