မလှိုင် ဩဂုတ်လ ၁၉
မလှိုင်မြို့နယ် (Book Club) အဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဆရာဖေမြင့်၏ "အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း"စာအုပ်ပါ အကြောင်းအရာများမှ အပြောင်မြောက်ဆုံးနှင့်ပတ်သက်၍ တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည်၊ တစ်မျိုးတည်းက နှစ်စားကွဲသွားကြသူများ၊ လူတိုင်းထိပ်တန်းရောက်နိုင်သည်၊ အကောင်းဆုံးထက်ပိုကောင်းအောင်၊ မတော် လောဘသမားနှင့် လူသားအကျိုးဆောင်ပုဂ္ဂိုလ်များ၊ စိတ်ကူးကိုအကောင်အထည်ဖေါ်ခြင်း၊ အခွင့်အရေးဆိုသည်မှာ၊ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ ရဲရင့်ခြင်း စသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို စာရေးဆရာများ ဖြစ်ကြသော ဆရာမောင်စိုးရ (မလှိုင်)၊ ဦးတင်ဦး (ဦးတင်ဦး - ပညာရေး)၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင် (မလှိုင်-ခင်မောင်)၊ ဦးအောင်သူဟန် (သွေးဦး-မလှိုင်)၊ ဆရာသန်း(တေဇာထွန်း-မလှိုင်)၊ (Book Club) အဖွဲ့ဝင်များဖြစ်ကြသော ဦးရွှေနန်း၊ ဒေါက်တာချမ်းသာဦး၊ ဦးသိန်းကြွယ်၊ ဒေါ်ပွင့်ဝါ၊ ဦးရဲလင်းသော် တို့က ရှုထောင့်အမြင်အမျိုးမျိုးဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က တက်ရောက်ဆွေးနွေးပေးပါသော စာရေးဆရာများကို ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)