မှော်ဘီမြို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

မှော်ဘီ နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကျ ဆင်းလာသည့် အတွက်နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျှက်ရှိကြသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မှော်ဘီမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ(၁) ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပြီး မှော်ဘီမြို့နယ်၌ အ.ထ.ကကျောင်း(၁၄)ကျောင်း၊ အ.လ.က ကျောင်း(၃၄)ကျောင်း၊ အ.မ.က(၉၆) ကျောင်း၊ ဘုန်းတော်ကြီး ပညာရေးကျောင်း(၃)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၈)ကျောင်း စုစုပေါင်း (၁၅၅)ကျောင်း ရှိပြီးအဆိုပါကျောင်းများအား ဖွင့်လှစ်ပညာသင်ကြား ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနေသည့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအတွက် စနစ်တကျလက်ဆေးခြင်း၊ ကိုယ်ပူချိန်များ တိုင်းတာပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စာသင်ခန်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ၆ပေခြားစီဖြင့် သတ်မှတ်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီပညာသင်ကြားပေးလျက်ရှိပြီး Mask နှင့် Face Shield များကို တပ်ဆင်စေပြီးမှသာ စာသင်ခန်းအတွင်းသို့ ဝင်စေခဲ့သည်။

ကောင်းမြတ်သူ (ပြန်/ဆက်)