သုံးခွ နို၀င်ဘာ ၁
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့မှ စတင်သင်ကြားပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားလာသည့်အတွက် ဇူလိုင် (၉)ရက်နေ့တွင် စာသင်ကျောင်းများကို ခတ္တယာယီပိတ်ထားခဲ့ပါသည်။ ယခုအခါ ကျောင်းသားလူငယ်များ ပျော်ရွှင်ချမ်းမြေ့စွာ တက်ရောက်နိုင်ရေးအတွက်" ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ ပျော်ရွှင်စွာ လာရောက်ကျောင်း တက်ရောက်နိုင်ရေးအတွက် စက်တင်ဘာ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျောင်းသား/သူ(၂၅၆၁)ဦးအား ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ရာ ကျောင်းသား/သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ် ထိန်းချုပ်နိုင်ပြီး ရောဂါကျဆင်းလာသည့်အတွက် ယနေ့ နို၀င်ဘာ(၁)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကျောင်းသား/သူများ ကျောင်းစတင်တက် ရောက်ပညာ သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Social Distancing စနစ်ဖြင့် စာသင်ခန်းအတွင်းလူတစ်ဦးနှင့်တစ်ဦး လေးပေအကွာတွင် တည်ရှိစေပြီး face shield နှင့် နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိ ပေးထားကြောင်းသိရသည်။
သုံးခွမြိုနယ်တွင် အခြေခံပညာအ.ထ.က ကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ)(၁၀)ကျောင်း၊ အ.လ.က(၉)ကျောင်း၊ အ.လ.က(ခွဲ)(၉)ကျောင်း၊ မူလွန်(၁၀)ကျောင်း၊ အ.မ.က(၉၇)ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း စုစုပေါင်း(၁၅၂)ကျောင်း ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)