သုံးခွ နို၀င်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီက မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို သုံးခွမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမဒေါ်စုစုခင်နှင့် ဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုး ရောဂါ၊ ဂျပန် ဦးနှောက်ရောင် ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းကို မြို့ပေါ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် လစဉ်(၁)ရက်နေ့မှ (၂)ရက်နေ့ အထိထိုးနှံ ပေးလျက်ရှိပြီးကျန်ရက်များတွင် ရပ်ကွက်နှင့် ကျေးရွာများရှိကျန်းမာရေး ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)