မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မင်္ဂလာဒုံ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာလ(၁)ရက်နေ့၌ ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် အ.ထ.ကကျောင်း(၉)ကျောင်း၊ အ.ထ.ကခွဲကျောင်း(၃)ကျောင်း၊ အ.လ.ကကျောင်း (၈)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၀)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၅၂)ကျောင်းရှိရာ အဆိုပါ ကျောင်းများသည် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသန့်ရှင်းရေး လုပ်ငန်းများဖြစ်သည့် မြက်နှုတ်ခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တံမြက်စည်းလှည်းခြင်း၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များ စိုက်ပျိုးခြင်း၊ စာသင်ခန်းအတွင်းရှိ စာသင်ခုံများကို စနစ်တကျစီခြင်း၊ စာသင်ခန်းအတွင်း တံမြက်စည်းလှည်းခြင်း၊ လက်ဆေးဘေစင်များ ထားရှိခြင်း၊ အမှိုက်ပုံးများ စနစ်တကျထားရှိခြင်းတို့ကို သက်ဆိုင်ရာ ကျောင်းများမှ ဆရာ၊ဆရာမများ၊ ပညာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကြိုင်နှင့် အဖွဲ့များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်းနှင့် ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)