ရသေ့တောင် အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ နိုင်ငံတော်မှဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါ စကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် သိရီသောမာရုံကျောင်းတိုက်၊ ပဓာနာယကဆရာတော် ဘဒ္ဒန္တ သောမာစာရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌပူဇာပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ အလှူရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်များက မြိ့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ စေတီယင်္ဂဏဆရာတော် ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ အပူဇော်ခံ ဆရာတော်ကြီး၏ ထေရုပတ္တိအကျဉ်း၊ ဂုဏဝဏဏာနဂါထာများနှင့် ပုညကာမဝတ်ရွတ်ယောဂီ အမျိုးသမီး အဖွဲ့မှဆရာတော်ကြီး၏ ထေရုပတ္တိအကျဉ်းရှစ်လုံးတွဲ ကဗျာများအားရွတ်ဖတ်ပူဇော်ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က သာသနာရေးဆိုင်ရာများကို လျှောက် ထားပြီး ကျောင်းတကာများက နိုင်ငံတော်မှဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် ထပ်ဆင့်ဂုဏ်ပြုလွှာ၊ ဘွဲ့တံဆိပ်တုံးအား ဆက်ကပ်ပြီး အလှူရှင်များက သံဃာတော် အရှင်သူမြတ်များအား နဝကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရသေ့တောင်မြို့ သိရီသောမာရုံကျောင်းတိုက် အပူဇော်ခံဆရာတော်ကြီး ဘဒ္ဒန္တသော မာစာရထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကာ သိရီသောမာရုံ ကျောင်းတိုက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိန်ဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)