၂၀၂၁-၂၀၂၂ ပညာသင်နှစ်အောက်တိုဘာလ(၁)ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးများပူးပေါင်းဆောင်ရွက်လျက်ရှိ

ဒဂုံဆိပ်ကမ်း  အောက်တိုဘာ  ၃၁

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေများကြောင့် ပိတ်ထားခဲ့ရသောအခြေ ခံပညာကျောင်းများကို အောက်တိုဘာလ (၁)ရက် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီထိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၊ အပြင်ရှိ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း ခုံစီခြင်း၊ တံမျက်စည်းလှည်းခြင်းများ၊ အမှိုက်သိမ်းခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်၊ဆရာဆရာမများ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့်စည်ပင်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ထပ်ဖွဲ့ဝင်များ၊ မြို့နယ်သူနာပြုတပ်ဖွဲ့ဝင်များ၊ အမှတ် ၉၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ​​ ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံပြီး ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား/သူများအပြင် ကျောင်းပြန်လည်ဖွင့်ပါက ကျောင်းမအပ်နှံရသေးသူများကိုလည်း ကျောင်းအပ်နှံခွင့်ရရှိအောင် ဆောင်ရွက်ထားလျက်ရှိ ကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်