တန့်ယန်းမြို့နယ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

တန့်ယန်း  အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့် လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် ကျောင်းဆောင်များ၊ စာသင်ခန်းများကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း နှင့် ကျောင်းဝင်းအတွင်းအပြင် ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်း ပေးခြင်းများကို နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးပြီး အမှတ် (၁)၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့အား လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်း Mask များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။                                                                                                  

မင်းလွင်ဦး(ပြန်/ဆက်)