ညောင်ရွှေ အောက်တိုဘာ ၃၁
အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးကျေးရွာရှိ သမဝါယမအသင်းစု စိုက်ပျိုးမွေးမြူရေးခြံအတွင်း အင်းလေးကန်မှ ထွက်ရှိသည့် ဗေဒါများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ရာ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှထွဏ်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝမြေဩဇာ ပြုလုပ်နေမှုကို ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမအသင်းစု၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုမှ တာဝန်ခံ ဆောင်ရွက်ခြင်းဖြစ်ပြီး အလျား(၆)ပေ၊ အနံ(၄)ပေ၊ အမြင့်(၄)ပေရှိ သဘာဝမြေဩဇာ (၁၀)အိတ်ထွက် လှောင်ကန်တစ်ကန်အတွင်း ဗေဒါ၊ ကြက်ချေး၊ စပါးခွံ၊ အီးအမ်ဖျော်ရည်၊ ထန်းလျှက်ရည်တို့ကို အချိုးကျပေါင်းစပ်ပြီး ကြာမြင့်ချိန် တစ်လခွဲမှနှစ်လအတွင်း ထုတ်ယူသုံးစွဲ နိုင်ကြောင်းနှင့် စိုက်ပျိုးမေတစ်ဧကလျှင် သဘာဝမြေဩဇာ အိတ်(၂၀)ထည့်သွင်း အသုံးပြုရကြောင်း သိရသည်။
စိုင်းအယ်ဘဲ