မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့  ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)  ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ တက်ရောက်

မော်လမြိုင်     အောက်တိုဘာ          ၃၀

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီကမော်လမြိုင်မြို့၊ မြစေတီ(ရဲကျောင်း) စာသင်တိုက်၌ ကျင်းပခဲ့ရာ ဩဝါဒါစရိယ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၏ ဩဝါဒဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထု ပစ္စည်းအစုစုတို့အား ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးကို မြန်မာသက္ကရာဇ် ၁၂၆၈ ခု ကဆုန်လပြည့်ကျော် ၄ ရက်နေ့၊ ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါကြောင်း၊ အသင်း၏ ဆောင်ပုဒ်မှာ အမျိုးဘာသာ၊ သာသနာ၊ ပညာဖြစ်ကြောင်း၊ ၃၈ ဖြာ မင်္ဂလာတရားတော်၊ ကာလမသုတ်နှင့် အဘိဓမ္မာတို့ကို ထဲထဲဝင်ဝင် လေ့လာလိုက်နာကျင့်သုံးပြီး ယဉ်ကျေးလိမ္မာသော လူတော်၊ လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းများကို အသင်းကြီးမှ ဦးဆောင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး လူမှုရေး ဦးတည်ချက် ၃ ရပ်ထဲမှာ ပထမအချက်ဖြစ်သော စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားအချင်းချင်းရိုင်းပင်းကူညီ သည့်စိတ်၊ ရိုးရာယဉ်ကျေးမှု ကို မြတ်နိုးထိန်းသိမ်းသည့်စိတ်၊ အမျိုးအနွယ်ကို စောင့်ထိန်းသည့်စိတ်၊ နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာကို စောင့်ထိန်းလိုတဲ့စိတ်၊ မိမိနိုင်ငံနှင့်လူမျိုးအကျိုးကိုသယ်ပိုး နိုင်ရန် လူငယ်များတာဝန်ရှိကြောင်း စသည်ဖြင့် လျှောက်ထားသည်။

ထို့နောက် ဩဝါဒါဆရာတော် အဂ္ဂမဟာပဏ္ဏိတဝိနယ ပါဠိပါရဂူ ဘဒ္ဒန္တဝိမလပုဒ္ဓိ မြစေတီ (ရဲကျောင်း) ဆရာတော်ထံမှ ဩဝါဒကထာနာယူကြည်ညိုပူဇော်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)