မိုင်းဆတ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မတည်ထောက်ပံ့မှုနှင့် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်ထုတ်စက်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီ က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အောက်ဆီဂျင်ထုတ်စက်အား SMART IZUMI ELECTRONIC LTD မှ ဦးကျော်ရဲအောင်ကလွှဲပြောင်း ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး အောက်ဆီဂျင်ထုတ် စက်လည်ပတ်နေမှုနှင့် အောက်ဆီဂျင်ဖြည့်သွင်းနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်သည် အောက်တိုဘာလ(၂၂)ရက်နေ့ ညနေပိုင်းက မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ထားရှိကာ ကျွမ်းကျင်ပညာရှင်များဖြင့် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်စမ်းသပ်လည်ပတ်ခဲ့ရာ အောက်ဆီဂျင်သန့်စင်မှုနှုန်းမှာ(၈၅ ဒဿမ ၄)ရာခိုင်နှုန်းထိရရှိ ခဲ့ပြီး အောက်တိုဘာလ(၂၈)ရက်နေ့တွင် ထပ်မံစမ်းသပ်လည်ပတ်ရာ အောက်ဆီဂျင်သန့်စင်မှုနှုန်း(၉၃) ရာခိုင်နှုန်းထိရရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်ထံမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)