မှော်ဘီ၊ အောက်တိုဘာ ၃၀
ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ ကိုယ်တိုင်ရွေးချယ်၍ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေး နှစ်၊ ခြောက်လဘတ်ဂျတ်ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာလေးရွာတို့တွင် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးတင်စိုးထံမှသိရသည်။
မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဆောင်ရွက်သွားမည့် မာလကုန်းကျေးရွာနှင့် ကြိမ်နီစမ်း ကျေးရွာများသို့ အောက်တိုဘာလ(၂၈)ရက်နေ့နှင့် ရွာသစ်ကုန်းကျေးရွာနှင့် အောက်ဝါးနက်ချောင်း (ရွာဟောင်း) ကျေးရွာသို့ အောက်တိုဘာလ (၂၉)ရက်နေ့တို့တွင် မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူးဦးတင်စိုးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း လည်းသိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်း၊ သင်တန်းသားများ ရွေးချယ်ခြင်း၊ လုပ်ငန်းရွေးချယ် အတည်ပြုခြင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်းနှင့် စွန့်ပစ်အမှိုက်ကောက်ယူမှုတို့ကိုပါဝင် စည်းရုံး ဆောင်ရွက် ခဲ့ကြကြောင်းသိရပြီး ကျေးရွာများမှ ဦးစားပေးဆောင်ရွက်သွားမည့် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာတို့ကို မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)