နေပြည်တော်၊ အောက်တိုဘာ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ယူရီးယား ဓါတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီအား ဖွဲ့စည်းခြင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ယူရီးယားဓါတ်မြေဩဇာဝယ်ယူ ဖြန့်ဖြူးမှုလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီအား တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် အကောင်အထည်ဖော်ရေးကော်မတီအား တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် စနစ်တကျဖွဲ့စည်းပြီး ရရှိသည့် ဓါတ်မြေဩဇာများကို စိုက်ပျိုးဧကပေါ်မူတည်ပြီး တောင်သူများလက်ဝယ် အရောက် စနစ်တကျခွဲဝေ ဖြန့်ဝေရောင်းချနိုင်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေပေးဝေမှုကို စနစ်တကျ ဆောင်ရွက် စေလိုကြောင်း၊ ဌာနဆိုင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးက ယူရီးယားဓါတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီအား တိုင်း၊ ခရိုင်၊ မြို့နယ်များအလိုက် ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၂၁-၂၀၂၂ခုနှစ်လျာထားချက်အပေါ် သီးနှံများ စိုက်ပျိုးထုတ် လုပ်နိုင်မှု အခြေအနေများ၊ မိုးစပါးအပြီး နွေစပါးနှင့်ဆောင်းသီးနှံများ အချိန်မီ လျာထားစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေပြည်တော်အတွင်းရှိ ဆည်၊ တမံများမှ စိုက်ပျိုးရေးပေးဝေနိုင်မှု အခြေအနေများ၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးဧကများလျာထား ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယူရီးယားဓါတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးမှုလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်ချက် များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း