ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းဖြတ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်သူ (၃၀၁)ဦးအား ထောက်ပံ့ငွေများပေးအပ်

မိုင်းဖြတ်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ် အတွင်း “ပန်းခင်းစီမံချက်”ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်သူများအား ဓာတ်ပုံရိုက်ခနှင့် သွေးစစ် ခ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံမှ မြိုနယ်ဦးစီးမှူး ဦးမြင့်ဌေးက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ဓာတ်ပုံရိုက်ကူးခနှင့် သွေးစစ်ခထောက်ပံ့ငွေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခဲ့သူ (၃၀၁)ဦးထံ လက်ဝယ်အရောက် ပေးအပ်နိုင် ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်သူ တစ်ဦးလျှင် ဓာတ်ပုံရိုက်ခနှင့် သွေးစစ်ခ (၃၀၀၀)ကျပ် ဖြစ်ပြီး (၃၀၁)ဦးအတွက် (၉၀၃၀၀၀) ကျပ်ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် ပန်းခင်းစီမံချက်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုမှာ (၅၂) ရာခိုင်နှုန်းအထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးထံက သိရသည်။

သန်းထွန်းအေး