တောင်ကြီး အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁)ကို ယနေ့ နံနက် (၁၀) နာရီအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ့ရေး ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လယ်ယာ မြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော မူလပိုင်ရှင်တောင်သူများအား နစ်နာမှုမရှိစေရေး ဘက်မလိုက်ဘဲ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က မှန်မှန်ကန်ကန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းပေးနိုင်ရေးအတွက် ရပ်၊ ကျေးအုပ်စုနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ဒေသခံ ရပ်မိရပ်ဖများ ကိုလည်း ပိုမိုတိုးချဲ့ထည့်သွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုဿန်၊ သာသနာ့မြေနှင့် အခြားလိုအပ်သော အဆောက်အဦများအတွက် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်နယ် လယ်ယာစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုနိုင်သည့် ကိစ္စရပ်များအား စိစစ်ထောက်ခံတင်ပြခြင်းများကိုလည်း အထူးအလေးထား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဆန်စပါး စားနပ်ရိက္ခာဖူလုံမှု ကာကွယ်စေရန်အတွက် လယ်မြေအခြားနည်းအသုံးပြုခြင်းကို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က အထူးတားမြစ်ကြပ်မတ်ရန် လိုအပ်ပါကြောင်းနှင့် လယ်ယာမြေပေါ်တွင် အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်မရရှိဘဲ ကျူးကျော်ဆောက်လုပ်နေထိုင်မှုများနှင့်ပတ်သက်၍ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ ကျူးကျော် နေထိုင်မှုများ မရှိစေရေး တားမြစ်ခြင်း၊ အထူးကြပ်မတ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစွာ ကျန်ရှိနေသေးသည့်အတွက် ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံး တိုးတက်စေရန် ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ လာရောက်လျှောက်ထားရန် အဖွဲ့ဝင်များက တိုက်တွန်း ပြောကြားပေးရန် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ်ချက်များ၊ ပြည်နယ်စီမံလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) တင်ပြချက်များ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) တင်ပြချက်များအား ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းမှ ဖတ်ကြားကာ အစည်းအဝေးအတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းဆောင်ရွက်၍ အထွေထွေ ဆွေးနွေးကြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ့ရေး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကား ပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)