တာမွေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ  ၂၉

“ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေး ဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ မိဘ အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်ကို အရင်ဆုံးရယူပါတယ်။ နောက်တစ်ခုက ကလေးတွေ အနေနဲ့ ဆေးထိုးတဲ့အခါမှာ ဖျားနေတာတို့၊ အတက်ရောဂါရှိတာတို့၊ တခြားရောဂါရှိတဲ့ ကလေးတွေကိုတော့ ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးထိုးသင့်တယ်ဆိုမှ ထိုးနှံပေးတာဖြစ်ပါတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရစေဖို့ ကာကွယ်ဆေး ကို ယုံယုံကြည်ကြည်နဲ့ လာရောက်ထိုးနှံ ကြပါလို့ တိုက်တွန်း ပြောကြားချင်ပါတယ်” ဟု တာမွေမြို့နယ် ပညာရေးမှူး ရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/ သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာအသင်း ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီ စောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

“ ကျွန်တော်တို့လို ကျောင်းသား/သူတွေကို နိုင်ငံတော်ကနေ ကိုဗစ်-၁၉ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် နိုင်ငံ့အကြီးအကဲများနှင့် ဒီမှာလာရောက်ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးပဲတင် ရှိပါတယ်။ ရောဂါကို မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့ အတိုင်း ကာကွယ်ဆေး မထိုးနှံရသေးတဲ့ သူငယ်ချင်းတွေကိုလည်း လာရောက်ထိုးနှံကြဖို့ တိုက်တွန်း ချင်ပါတယ် ”  ဟု ဆေးလာရောက်ထိုးနှံသူ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ သူအရေအတွက်မှာ မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသား/သူ (၁၁၂)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းမှ ကျောင်းသား/သူ (၇၉၁)ဦးနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၄)ကျောင်းမှ ကျောင်းသား/သူ (၂၄၇)ဦး၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၁၅၀)ဦးရှိပြီး အောက်တိုဘာလ(၁၇)ရက်နေ့က မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၁၃)ဦး ကိုလည်းကောင်း၊ ယနေ့ အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒုတိယနေ့အဖြစ် မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံ ပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၅)ဦးကိုလည်းကောင်း၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၁၈)ဦးကို (ပထမ အကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ အကြိမ်)ထိုးနှံရန် ကျန်ရှိနေသေးသည့် မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)