ပြင်ဦးလွင် အောက်တိုဘာ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ရပ်ကွက်ကြီး (၁) ရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့ပြ စီမံကိန်း ရေးဆွဲရေးအဖွဲ့တို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့ပြစီမံကိန်းရေးဆွဲရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမ်နန်းမေမှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြား ပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများအား အဖွဲ့ (၁) ဖွဲ့လျှင် လူဉီးရေ (၁၂) ဦးဖြင့် အဖွဲ့ (၅) ဖွဲ့ခွဲပြီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ဆွေးနွေးသူများမှ ပြင်ဦးလွင်မြို့အား မြေပုံရေးဆွဲခြင်း၊ မိမိတို့၏ အတွေးစိတ်ကူးဖြင့် ပုံဖော်ခြင်း၊ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် ခြိမ်းခြောက်မှုများ ဆန်းစစ်ခြင်း၊ ထိခိုက်ခံစားမှုနှင့် ဂေဟစနစ်ဆိုင်ရာ ဆန်းစစ်ခြင်း တို့အား အဖွဲ့လိုက် ဆွေးနွေးခြင်း နှင့် Post – it Notes ပေါ်တွင် ချရေးခြင်းနှင့် ပြန်လည်တင်ပြခြင်းတို့အား ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရှိရသည် ။
ခရိုင် (ပြန်/ဆက်)