မိုးကောင်း ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကို လူထုအခြေပြုဗဟိုဌာန Community Center ၌ ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပရာ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းအောင် (ထက်သူအောင်) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်နီနီလွင်တို့က အမှာစကား ပြောကြားသည်။
စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး မိမိတို့စာရေးဆရာအသင်းမှ မြို့နယ်ပြန်/ဆက်၊ မြို့နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းအပါအဝင် စာပေဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စာပေဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာရေးဆရာအသင်းဥက္ကဋ္ဌက ပြောကြားသည်။
နှစ်ပတ်လည်အစည်းအဝေး၌ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးမြတ်မိုးမြင့် (မြတ်မိုးမြင့်-နမ္မတီး) တို့ ပါဝင်သော မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့က မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ ကိုယ်စားလှယ်အဖြစ် ဦးမြတ်မိုးမြင့်အား ရွေးချယ်တင်မြောက်ပြီး အတွင်းရေးမှူးက မြို့နယ်စာရေးဆရာ အသင်း၏ ရှေ့လုပ်ငန်း စဉ်များကို ပြောကြားသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းသို့ သုတစာအုပ်များနှင့် အလှူငွေများကို ဆရာဦးမိုးမြင့်မှ လည်းကောင်း၊ ရှုထောင့်စာစောင်များကို SH media မှလည်းကောင်း ပေးအပ်လှူဒါန်းရာ စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် နှင့် အတွင်းရေးမှူး ဦးကျော်သီဟတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)