မောင်တော အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန် သတ်မှတ် စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေး ဝန်ထမ်းများမှ စာရင်းများ မှတ်ယူခြင်း၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင် ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေပြီး ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/မကြီးများ၊ ဆရာ/မ များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ စုရပ်(၅၃)နေရာတွင် ကာကွယ်ဆေး ထိုးနှံပေးရမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၇၂၉၇)ဦးရှိပြီး (ပထမ) အကြိမ်အဖြစ် အောက်တိုဘာ ၂၈ ရက်နေ့တွင်လည်း အထက်တန်း ကျောင်းသား/သူ ၁၉ ဦးနှင့် အလယ်တန်း ကျောင်းသား/သူ ၈၀ ဦး စုစုပေါင်း ကျောင်းသား/သူဦးရေ ၉၉ ဦးအား ဆက်လက်ထိုးနှံ ပေးနိုင်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့ မှ ၂၈ ရက်နေ့အထိ အသက်(၁၂)နှစ် အထက် ကာကွယ် ဆေး ထိုးနှံပြီးစီးသူ ကျောင်းသား/သူ စုစုပေါင်း (၅၁၀၁)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)