တာမွေမြို့နယ် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်ဦးက "ပထမ အကြိမ် မဲဆန္ဒရှင် စာရင်း များ ကပ်ထားကြေညာထားမှုနှင့် ပတ်သက်၍ မဲစာရင်းများ မှန်ကန်ရေးကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲတွင် ပါဝင်သည့် ဌာန ဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း" တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်က "၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ အားလုံးက တက်ညီ လက်ညီဖြင့် ပူးပေါင်း ဆောင်ရွက် ကြဖို့ များစွာလိုအပ်ပါကြောင်း၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခဲ့ရာတွင် လိုအပ်ချက်များကို အချိန်မီပြင်ဆင် ဖြည့်စွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်စာရင်း လာရောက်မကြည့်ရှုနိုင် သည့် ပြည်သူများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လမ်းများအလိုက် အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် ကြည့်ရှု စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း" စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာမွေမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးပြည့်ဖြိုးထွန်းကလည်း "ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း များ ကပ်ထားကြေညာ ရာတွင် မှန်ကန်တိကျသော မဲစာရင်းများ ရရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးရန်" ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲတွင် ပါဝင်သည့် ဌာနဆိုင်ရာများက ၎င်းတို့ ဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် အသီးသီးပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။

နိုင်လင်းအောင်(ပြန်/ဆက်)