မိုင်းခတ်တွင်ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအသိပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုင်းခတ် အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေး အသိပညာပေးနှိုးဆော်မှုကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်(၉)နာရီအချိန်က မိုင်းခတ်မြို့နယ်၊မြို့ပေါ်ရပ်ကွက်ရှိနေအိမ်လမ်းကြားများတွင် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့နှိုးဆော်ရာတွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေနေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များ အား လက်ခံခြင်းမပြုရန်၊နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှ ပြန်လာသောအခါ(mask)များကို စနစ်တကျစွန့်ပြစ်ရန်၊လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်ဆေးရန်နှင့် မိမိတို့နေအိမ်၌ဖျားနာခြင်း၊ အနံ့မရခြင်းနှင့်ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့်မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာ နှင့် အာခါဘာသာ နှစ်မျိုးဖြင့်  လှည့်လည် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးနှိုးဆော်မှုကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ကကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများအား ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)