မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံမွမ်းမံခြင်းလုပ်ငန်း သွားရောက်ကြည့်ရှု

မော်လမြိုင်  အောက်တိုဘာ  ၂၈

မွန်ပြည်နယ်တွင် သမိုင်းဝင် တန်ခိုးကြီးဘုရား၊  ပုထိုး၊    စေတီများစွာ ရှိသကဲ့သို့   ကိုဗစ်-၁၉ အလွန် ကာလများတွင်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည်   ယနေ့နံနက်ပိုင်း က   မော်လမြိုင်မြို့  ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး လုံးတော်ပြည့်  ရွှေသင်္ကန်းကပ်လှူခြင်းနှင့်   ဘက်စုံမွမ်းမံခြင်း လုပ်ငန်များ  ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊  ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်တော်နှင့်  ထီးတော်တို့အား အကြီးစား ပြုပြင်ခြင်း လုပ်ငန်းများဖြင့် ပူဇော်နိုင်ရန် ဆောင်ရွက်နေမှုကိုကြည့်ရှုကာ ဓမ္မာရုံတွင်စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံဆောင်ရွက်နိုင်ရေး၊ အချိန်မီပြီးစီးရေး၊ ကိုဗစ်-၁၉ ကာလဖြစ်သည်နှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များဖြင့် ပြည်တွင်း၊ ပြည်ပဘုရားဖူး ပြည်သူများဖူးမျှော်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး စေတီတော်မြတ်ကြီး  ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်များ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း ပေးသည်။

မော်လမြိုင်မြို့ ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ငှက်ပျောဖူးတော်တို့တွင်    လက်မ ပတ်လည်   ကျပ်သား ရွှေစင်၊ ရွှေပြား ၄၅၀  ချပ် နှင့် ထီးတော်၊ ကြာမှောက်၊ ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် လက်မပတ်လည်ရွှေဆိုင်း  ၂၈၀၀ ဆိုင်းကပ်လှူပူဇော်မည် ဖြစ်ကြောင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းကို တပို့တွဲလပြည့်နေ့ မတိုင်မီပြီးစီးရန် လုပ်ငန်းစီမံချက်များချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း